4455
နိုင်ငံတကာ စုပေါင်းမီးပုံးပျံများကို တောင်သမန်အင်း ဦးပိန်တံတားဝန်းကျင်၌ တွေ့ရစဉ်
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်စေရန် ရည်ရွယ်ပြုလုပ်သော နိုင်ငံတကာ စုပေါင်းမီးပုံးပျံ ပျံသန်းခြင်းကို ပုဂံ၊အင်းလေး၊ ပခုက္ကူ၊ စစ်ကိုင်း၊ မန္တလေးမြို့ဝန်းကျင်ဒေသများတွင် မီးပုံးပျံခြောက်လုံးဖြင့် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ် မှစ၍ မီးပုံးပျံစုပေါင်း ပျံသန်းပွဲတော်များကို ပြုလုပ်ခဲ့ခြင်းပြီး ယခုအခါ ၁၄ကြိမ်မြောက် နိုင်ငံတကာ မီးပုံးပျံ ပျံသန်းခြင်း(14 International Balloon Meeting in Myanmar) ကို Golden Express Tours Co; Ltd ၏အစီအစဉ်ဖြင့် Blaser Swis slube Co. ဆွစ်ဇာလန်နိုင်ငံ ဧည့်သည် Mr.Peter Blaser နှင့်အဖွဲ့ဝင် ၂၄ ဦးတို့သည် ဇန်န၀ါရီလ၂၈ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ၂၉ ရက်နေ့တွင် တောင်ကြီးမြို့ ညောင်ရွှေ မြို့နယ်ရှိ လွတ်လပ်ရေး ကျောက်တိုင်ဘောလုံးကွင်း၌ ညနေပိုင်းတစ်ကြိမ် စတင်စီးနင်းခဲ့ကြောင်း၊ ၃၀ရက်နေ့တွင် အင်းလေးကန် အတွင်းရှိ ကြေးစားကုန်းရွာတွင် နံနက်ပိုင်းနှင့် ညနေပိုင်း နှစ်ကြိမ်၊ ၃၁ ရက်နေ့နှင့် ဖေဖော်ဝါရီ လ ၁ရက်နေ့တွင် နံနက်ပိုင်းတစ်ကြိမ်စီ စီးနင်းခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မန္တလေးမြို့သို့ ရောက်ရှိလာပြီး ၃ ရက်နေ့တွင် တောင်သမန်အင်း ဦးပိန်တံတားဝန်းကျင်၌ နံနက်ပိုင်းနှစ်ကြိမ် စီးနင်းခဲ့ကြောင်း၊ ဖေဖော်ဝါရီလ၄ ရက်နေ့တွင် စစ်ကိုင်းမြို့ ၀ါးချက်ကျေးရွာ၌ ညနေပိုင်းအချိန်တွင် စတင်ပျံသန်းခဲ့ပြီး အာလောင်၊ ပယ်ငါးဆယ်၊ ကြက်ထောက်၊မြေတိုင်၊ ပေါက်တော၊ ချောင်းပေါက်၊ ခိုတောင်စသည့် ကျေးရွာများတစ်လျှောက် ပျံသန်းစီးနင်းခဲ့ကြောင်း သိရသည်။
“နိုင်ငံခြားသားတွေ အခုစီးနေတဲ့ မီးပုံးပျံတွေက အမြင့်ပေ ၄၊ ၅၊ ၆ ထောင် လောက်အထိ ပျံနိုင်တယ်။ အောက်ဆိုရင်လည်း ၂၊ ၃ပေလောက် အကွာအဝေးမှာတင် ရှပ်ပျံလို့ရတယ်။ အင်းလေးတုန်းက ရေပြင်နဲ့ကပ်ပြီး အင်းသူ၊ အင်းသားတွေရဲ့ လူနေမှု ဘ၀တွေကို အနီးကပ်မှတ်တမ်းတင် ဓာတ်ပုံတွေရိုက်ကြတယ်။ အပေါ်စီး ကနေရှုခင်းတွေ ကြည့်တယ်။ စိတ်ဝင်စားစရာ တစ်ခုခုတွေ့ရင် အောက်ကို ဆင်းပြီးအနီးကပ် လေ့လာကြတယ်။ မီးပုံးပျံကတော့ လေကြောင်းအတိုင်းပဲ သွားလို့ရတယ်။ တစ်လုံးစီမှာ အနိမ့်၊ အမြင့်ထိန်းချုပ်တဲ့ ပိုင်းလော့တစ်ယောက်စီ ပါတယ်” ဟု Gold Express Tour  ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။ 
ဓာတ်ပုံ-ဦးဖေသိန်းမောင်



  Eleven Media Group မှကူးယူဖော်ပြပါသည်.....။

0 comments:

Post a Comment